Saturday 13 October 2012

ပြည်တော်ပြန်ခရီး

မမြင်တာ ကြာခဲ့လို့
အမြင်တွေလဲ စိမ်းမှာ မဟုတ်ဘူး

ရင်ခွင်တကာမှာလဲ
ခိုဝင်ကာ မငေးခဲ့ဘူး

ခိုင်မြဲတဲ့ အချစ်တို့က
ဝေးခြင်း နီးခြင်း သင်္ခါရ ကြားထဲ
ဘယ်တော့မှ မနစ်မြုပ်ဘူး

ဖြတ်မရတဲ့ နှောင်ကြိုးတွေက
နှလုံးသားမှာ အထပ်ထပ်လေး ရစ်ပတ်နေတော့

ခွဲခွာခြင်းတွေ အဆုံးသက်လို့
လွမ်းရက်တွေ ခြွေချမယ်
အိမ်မရတဲ့ ညတွေဖြတ်
ချစ်သောသူ ရင်မှာထွေးပွေ့လို့
အလွမ်းအတွက် အနမ်းတွေ အစားထိုးမယ့်
``ပြည်တော်ပြန်ခရီး``

သူငယ်ချင်း

ဆွံ့အတဲ့ စကားလုံးတွေနဲ့
ဖွင့်ဟဖို့ ခက်နေတဲ့ ငါ့ အဖြစ်က
ငြိမ်သက်စွာ ရပ်နေတဲ့
ကျောက်ရုပ်လေး တစ်ရုပ်လိုပဲ
တစ်နေ့တော့ ဒီတိုင်းလေးကျန်ခဲ့မှာ
ငါကိုယ်တိုင်လဲ ကြိုသိနေတယ်
အရိပ်လို တွယ်နေမယ့်အစား
တိတ်ဆိတ်စွာနဲ့
ဝေးဝေးမှာပဲ နေလိုက်မယ်
သူငယ်ချင်းဆိုတဲ့ စည်းက
ငါတို့ နှစ်ယောက်အတွက်
အနီးဆုံး မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ
နီးရက် နဲ့ ဝေးရမှာပါ...
 

မျက်ရည်

ခြောက်သွေ့တဲ့ ဒေသက                 
ရေကြည်တစ်ပေါက်လိုပဲ
နှလုံးသားတံခါး ပေါက်ပြီး             
ကျရောက်လာတဲ့ မျက်ရည်တစ်စက်ဟာ  
စကားလုံးများစွာထက်  လေးနက်တယ်
သံစဉ် များစွာထက် အဓိပ္ပာယ်ရှိတယ်          
ကာရံမဲ့ အိမ်မက်တွေထဲက   
အရောင်အဆင်းမရှိတဲ့ မျှော်လင့်ချက်တွေအတွက်
နူးညံ့တဲ့ ဒီမျက်ရည်တွေ
သွန်းဖြိုးဖို့ မရည်ရွယ်ပါနဲ့     
မျက်ရည် တန်ဖိုးလေး လျှော့လိမ့်မယ် ...