Wednesday 25 July 2012

ချစ်သော မေမေ

ကာရံ စပ်လို့ မညီ ၊ နဘေ ထပ်လို့ မမှီ နိုင်တဲ့ 
မိခင် မေတ္တာ ဂရုဏာ ကို
မဖြစ်စလောက် ပညာလေးနဲ့ 
ကဗျာ တစ်ပုဒ်ရေးစပ်မိရာ
အမှားပါလျှင် 
ခွင့်လွှတ်ပေးပါ မေမေ....


မြင့်မိုရ် တောင်ဦး မက ကျူးသည့်
ကျေးဇူးအရှင် မွေးမိခင်
လက်ဆယ်ဖြာ ထိပ်မှာမိုးလို့
အဝေးမြေ မှ ရှိခိုးဦးချ
ကန်တော့လိုက်ပါတယ် မေမေ.....
ဘဝ လှိုင်းဒဏ် ဘယ်လောက်ပင်ထန်ပါစေ
အပြုံးမပျက် ရင်ဆိုင်ရဲတာ
သားတို့မျက်နှာ အားအင်တဲ့လား မေမေ....
အဖေ တစ်လှည့် အမေ တစ်လှည့်
နှစ်ဖြာသော မေတ္တာ မျိုးနဲ့
သားတို့ အပေါ် ကျွေးမွေးစောင့်ရှောက်ခဲ့သော
မေမေ ....
မေမေ ဆုံးမစကား
သား အမှတ်ရနေဆဲပါ 
``သစ်ပင် ပိလို့ သေမယ်
လူပိလို့ မသေဘူး ``တဲ့
``ဒေါသ ရှေ့ထား အမှားပါတက်တယ် ``တဲ့
စိတ်ကြီးတဲ့ သားအတွက်တော့
မေမေ ဆုံးမစကားတွေက
အထိန်းအကွပ် လေးတွေပဲပေါ့ ....
မေမေ ခင်းကြင်းပေးတဲ့
သား ဘဝရဲ့ အနာဂတ်လမ်း
သားလျှောက်လှမ်းလျှက်ပါ မေမေ ....
သားတို့ အတွက် ရတက်မအေးသော 
ချစ်သော မေမေ 
ပူပန်မူ့လေး နည်းနည်းလျှော့ပါ 
အာရောဂျံ ပရမံ လာဘံ တဲ့
ကျန်းမာရေး ဂရုစိုက်ပါ မေမေ....
 
(၇) လပိုင်း (၂၄ ) ရက်နေ့မှာ 
ကျရောက်သော မွေးနေ့မှသည် 
နောင်နှစ်ပေါင်းများစွာတိုင် 
သား ၊ မြေး ၊ မြစ် တို့ဖြင့်
ပျော်ရွှင် ချမ်းမြေ့စွာ
အတူနေထိုင်နိုင်ပါစေ 
ချစ်သော မေမေ ....

                                                                                                        ကောင်းကင်ကိုကို

No comments: